Sayadaw U Osadha’s Uganda Pilgrimages
ဆရာတော် ဦးဩသဓ၏ ယူဂန်ဒါ သာသနာ့ခရီး မှတ်တမ်းများ
ယုဂန္ဓာ... သာသနာ အခြေမြဲစေဖို့... ဒီဇင်ဘာလ ၉-ရက်နေ့တွင် ယုဂန္ဓာ ဗုဒ္ဓဘာသာကျောင်း၏ နှစ် ၂၀-ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည် ဖြစ်၏။ ၎င်းနှင့်တွဲဖက်၍ ကိုရင်, သီလရှင် ဒုလ္လဘဝတ်ပွဲလည်း ပါဝင်မည်ဖြစ်၏။ ဝတ်မည့်သူ စုစုပေါင်း အပါး ၂၀၀-ကျော်၏။ အာဖရိကတိုက်၌ အကြီးဆုံးသော ဒုလ္လဘဝတ်ပွဲပင် ဖြစ်၏။ သူတို့ သင်္ကန်းဝတ်နေစဉ်ကာလ၌ ဗုဒ္ဓဘာသာ အခြေခံများနှင့်, တရားထိုင်ခြင်းများကို လေ့လာ သင်ယူကြမည် ဖြစ်၏။ ထိုအပါး ၂၀၀-ကျော်ဒုလ္လဘဝတ်ပွဲကြီး ဖြစ်မြောက်ဖို့ရန် စေတနာသဒ္ဓါထက်သန်ကြသည့် မိသားစု တစ်ခုမှ မ,တည်လှူဒါန်းပေးခဲ့၏။ ကျန်အလှူရှင်များမှလည်း လိုအပ်သည်များ ပြည့်စုံအောင် စုပေါင်းကာ ပါဝင်လှူဒါန်းခဲ့ကြ၏။ ယနေ့လည်း ပုညေသီဓမ္မမိသားစုများ လာရောက်ကာ ဒုလ္လဘဝတ်ပွဲနှင့် ကျောင်းတော်အတွက် အသီးသီးလှူဒါန်းသွားကြ၏။ ထိုပြင် ကျောင်းအတွက် ဆေးပစ္စည်းများနှင့် ကလေးများအတွက် ချောကလစ်များပါမကျန် စုံစိအောင် လှူဒါန်းသွားကြ၏။ ဤပွဲတော်သို့ အခြားဥရောပနှင့် အာရှတိုက်မှ ပင့်ဖိတ်ထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ကြမည် ဖြစ်၏။ အချို့ ဧည့်သည်များ ကြိုတင်၍ ရောက်နေကြပြီ ဖြစ်၏။ ယုဂန္ဓာနိုင်ငံသို့ မိမိ ရောက်နေချိန်အတွင်း ဒီဇင်ဘာလ ၁၂-ရက်နေ့တွင် ယုဂန္ဓာသမ္မတနှင့် သမ္မတကတော်တို့မှ ဦးစီးကျင်းပသည့် National Thanksgiving Service အခမ်းအနားသို့လည်း ပင့်ဖိတ်ထားသဖြင့် ယုဂန္ဓာဆရာတော်နှင့် တွဲဖက်၍ တက်ရောက်ရမည် ဖြစ်၏။ ယခုလို သမ္မတကိုယ်တိုင်က သူ့နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို အလေးထားကာ အသိအမှတ်ပြုပြီး ပင့်ဖိတ်သည့် အတွက်လည်း ဝမ်းသာဂုဏ်ယူမိ၏။ ဤကဲ့သို့ ဌာနေသားများ၏ စိတ်ဝင်စားလာမှု၊ စေတနာရှင်များ၏ ထောက်ပံ့လှူဒါန်းမှု၊ နိုင်ငံ့အကြီးအကဲများ၏ အသိအမှတ်ပြုမှု၊ ဤသို့သော အကြောင်းများကြောင့် ယုဂန္ဓာ၌ သာသနာ့ရေသောက်မြစ်သည် ယခုအခါ တဖြည်းဖြည်းနှင့် စွဲမြဲလာပြီဟု ယူဆမိပါသည်။ ဆရာတော် ဦးဩသဓ ဒီဇင်ဘာ ၅-ရက်၊ ၂၀၂၅-ခုနှစ်။
ယုဂန္ဓာနိုင်ငံက ယနေ့ ရှင်ပြု-သီလရှင်ဝတ်ပွဲ… ဒူဘိုင်းကနေ ယုဂန္ဓာကို နေ့လည် ၂-နာရီခွဲလောက်မှာ ရောက်ပါတယ်။ ဒါပေမဲ့ အင်မီဂပေရးရှင်းက ထွက်ပြီး ပစ္စည်းရွေးတဲ့အခါ အတော်ကြာပါတယ်။ ဒါကြောင့် ကျောင်းကို ထင်တာထက် နောက်ကျပြီး ၄-နာရီခွဲမှ ရောက်ပါတယ်။ မနက်ဖြန်လဲ အခြားလုပ်စရာတွေရှိနေသေးတာကြောင့် ခရီးရှည်ကြီးလာရလို့ ပင်ပန်းပေမဲ့ ရက်မရွှေ့တော့ပါဘူး။ နာရီဝက်လောက်ပဲ ခဏနားပြီး ညနေ ၅-နာရီမှာ ရှင်ပြုပွဲနှင့် သီလရှင်ဝတ်ပွဲကို စတင်ပါတယ်။ သူတို့အားလုံး ဆံချပြီးသားမို့ အားလုံး အဆင်သင့်ပါဘဲ။ ကိုရင်လောင်းတွေကို အရင်ဝတ်ပေး၊ ပြီးမှ သီလရှင်များကို သီလပေးပါတယ်။ ပြီးတော့ အင်္ဂလိပ်+ယုဂန္ဓာ ၂-ဘာသာနှင့် ယုဂန္ဓာဆရာတော်က ဆယ်ပါးသီလအကြောင်း ရှင်းပြပေးပါတယ်။ ပြီးတော့ အလှုရှင်များနှင့် ဝေယျာဝစ္စများအတွက် ပရိတ်ရွတ်၊ မေတ္ထာပို့ကြပါတယ်။ အားလုံးပြီးတော့ စုပေါင်းပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါတယ်။ ဒီနေ့ ဒုလ္လဘဝတ်တာ အသစ်ချည်းဘဲ ကိုရင် ၁၂၀၊သီလရှင် ၁၀၀-ရှိပါတယ်။ အဟောင်းတွေနဲ့ ပေါင်းရင် စုစုပေါင်း ကိုရင် သီလရှင် ၂၆၀- လောက် ရှိပါတယ်။ အာဖရိကတိုက်မှာ အများဆုံးသော ဒုလ္လဘဝတ်ပွဲအဖြစ် သာသနာ့သမိုင်းမှာ မှတ်တမ်းတင်မဲ့ နေ့တနေ့ ဖြစ်ပါတယ်။ မနက်ဖြန်ကစပြီ သူတို့လေးတွေ သက်ဆိုင်ရာ ဆရာများနှင့် ဗုဒ္ဓဘာသာ အကြောင်း လေ့လာသင်ယူကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ အရှင်ဩသဓ ဒီဇင်ဘာ ၁၀-ရက်၊ ၂၀၂၅-ခုနှစ်။
ယုဂန္ဓာ ဗုဒစ် စင်တာ နှစ် ၂၀-ပြည့်ပွဲ ကျင်းပ… ယနေ့ အဓိကဖြစ်တဲ့ ယုဂန္ဓာ ဗုဒ္ဓစ်စင်တာရဲ့ နှစ်၂၀-ပြည့် အထိမ်းအမှတ်ပွဲတော်ကို ကျင်းပပါတယ်။ မနက်ပိုင်း ၈-နာရီမှာတော့ ရပ်ကွက်ထဲကို စုပေါင်း ဆွမ်းခံထွက်ပါတယ်။ အခါတိုင်းက အဝေးကြီးသွားပေမဲ့ ဒီတခါတော့ အငယ်လေးတွေ ပါနေလို့ ကျောင်းနားနီးလေးပဲ သွားပါတယ်။ ၁၀-နာရီမှာတော့ မနက်ပိုင်း အခမ်းအနား လုပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာမှ လာကြသူများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ဖတ်ကြားပါတယ်။ နေ့လည် ၁၁-နာရီမှာ ဆွမ်းစားပြီး ဧည့်သည်တော်များကိုလည်း ဧည့်ခံ ကျွေးမွေးပါတယ်။ နေ့လည်ပိုင်း အခမ်းအနားကို ၁-နာရီမှာ ပြန်စပြီး ဂုဏ်ပြုစကားများ အလှည့်ကျပြောကြပြီး၊ နောက်ဆုံး ယုဂန္ဓာဆရာတော်က ကျေးဇူးတင်စကား ပြောပါတယ်။ ၄င်းနောက် ဆက်လက်၍ ကိုရင် သီလရှင်များကို စာအုပ် ခဲတံ ဘောလ်ပင် စာရေးကိရိယာများ အပါးစေ့ လှူပါတယ်။ အတန်းလိုက် အကောင်းဆုံး ကျောင်းသားများကိုလည်း အထူးဆုများ ချပါတယ်။ ကာလီဖိုးနီးယားမှ လာသည့် ဗီယက်နမ်ဆရာလေးများကလည်း လုပ်အားပေးကျောင်းဆရာနဲ့ ဝန်ထမ်းများကို လက်ဆောင်ပစ္စည်းများ ပေးလှူပါသည်။ ထို့နောက် ယုဂန္ဓာဆရာတော်က အနှစ် ၂၀-ပြည့် မွေးနေ့ကိတ်ကို ခွဲပြီး ဧည့်သည်တော်များကို ကျွေးလိုက်၏။ ဆက်လက်ပြီး ယုဂန္ဓာဆရာတော် ဖွင့်လှစ်ထားသော စာသင်ကျောင်း အနုပညာအသင်းမှ အာဖရိကန် ရိုးရာ အကများဖြင့် ဖျော်ဖြေကြ၏။ အကအဖွဲ့များပြီးလျှင် ညနေ ၅-နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြ၏။ ဆရာတော် ဦးဩသဓ ခေတ္တ- ယုဂန္ဓာ ဒီဇင်ဘာ ၁၃-ရက်၊ ၂၀၂၅-ခုနှစ်။
ယုဂန္ဓာ ဓမ္မဒူတခရီးစဉ် ပြီးဆုံး… ယနေ့သည်ကား ယုဂန္ဓာကျောင်းတည်ထောင်သည့် နှစ်၂၀-ပြည့်ပွဲနှင့် ရှင် ၁၀၀၊ သီလရှင် ၁၀၀ ဒုလ္လဘဝတ်ပွဲ ဓမ္မဒူတခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်၏။ အလှူရှင်များ လှူဒါန်းလိုက်သည့် အလှူငွေများကို ဒုလ္လဘဝတ်ပွဲကြီးအပြင် အမြဲနေ ကိုရင်၊သီလရှင်များအတွက် လိုအပ်ရာရာ သုံးရန်လှုခြင်း၊ ကိုရင် သီလရှင်ဝတ်သူများအားလုံး ၂၇၅-ပါးတို့အား တပါးလျှင် ၅- ဒေါ်လာစီ လာမည့်နှစ်အတွက် ပညာသင်စရိတ်လှူခြင်း၊ ဆောက်လုပ်ဆဲ သုံးထပ်စာသင်ဆောင်ကြီး အတွက် လှူခြင်း၊ ဆွမ်းစားစားပွဲများလှူခြင်း၊ ဆွမ်းစားပန်းကန်နှင့် ဇွန်းများလှူခြင်း၊ ဆရာလေးများအတွက် ဝတ်ရုံများချုပ်နိုင်ရန် အပ်ချုပ်စက် ၂-လုံးလှူခြင်း၊ မွေ့ယာအသစ်များ လှူခြင်း၊ အတန်းတိုင်း အထူးအောင် ကျောင်းသားအတွက် ဘော်လ်ပင် အကောင်းစားများ လှူခြင်း၊ ဆရာ၊ ဆရာမများနှင့် လုပ်အားပေးများ၊ ရုံးဝန်ထမ်းများအား အသီးအသီး လက်ဆောင်ပစ္စည်းများ လှူဒါန်းခြင်း စသည်များ ပြုလုပ်နိုင်ခဲ့၏။ ၎င်းပြင် မြန်မာနိုင်ငံမှ သာသနာပြုရောက်နေကြသည့် ရဟန်းတော် ၁-ပါး၊ သီလရှင် ၂-ပါး၊ သီရိလင်ကာတွင် ကျောင်းတက်နေသော ယုဂန္ဓာကိုရင် ဓမ္မရက္ခိတတို့အားလည်း တပါးလျှင် ဒေါ်လာ ၅၀၀-စီ လှူဒါန်းခဲ့၏။ ယနေ့ နောက်ဆုံးနေ့မို့ အင်တပ်ဘဲမြို့ လေဆိပ်ပတ်ဝန်းကျင် ကမ်းခြေကို မော်တော်ဖြင့် sightseeing လိုက်ပို့၏။ ၎င်းမှကျောင်းပြန်ရောက်ရောက်ချင်း ယုဂန္ဓာဆရာတော်က ယနေ့ဘဲ ဈေးတည့်၍ ဝယ်လိုက်သော ကျောင်းနားက ငှက်ပျောဥယျာဉ်ကြီးကို လိုက်ပြ၏။ ပရိတ်လေး ချီးမြှင့်ပေးဖို့လဲ တောင်းပန်သဖြင့် အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ကာ နတ်များလည်း အမျှပေးဝေခဲ့၏။ အမျှဝေပြီးပြီးချင်း မိမိက ထိုဥယျာဉ်အတွက် ဒေါ်လာ ၁၀၀၀ လှူခဲ့၏။ ဤဥယျာဉ်မှ ထွက်သည့် ငှက်ပျော၊ သရက်၊ ပိန္နှဲ၊ ပလောပီနံ၊ ကန်စွန်းဥ၊ ပြောင်းဖူးစသည်များကို ကိုရင် သီလရှင်နှင့် ကျောင်းသားများအတွက် အများကြီး ကျွေးနိုင်၏။ ထို့နောက် ယနေ့ လကွယ်ဥပုသ်နေ့ဖြစ်၍ ညနေ ၅:၄၀တွင် သိမ်ကျောင်း၌ သံဃာသုံးပါး ဥပုသ်ပြုကြ၏။ ညနေ ၆-နာရီတွင်ကား ကိုရင် သီလရှင်လေးများနှင့်အတူ ဘုရားဝတ်တက်၊ တရားထိုင်ကြ၏။ ဘုရားဝတ်တက်ပြီးတော့ ကိုရင် သီလရှင်များကို နှုတ်ဆက်စကား ပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ၏။ နိဂုံးချုပ်အားဖြင့် ပြောကြားလိုသည်မှာ ဤအလှူပွဲကြီး ဖြစ်မြောက်အောင် မ,တည်လှူဒါန်းပေးခဲ့ကြသော Los Angeles မှ Henry + Noelene Kao family အား၎င်း၊ အလှူငွေများ ကောက်ခံပေးသော LA မှ ဒကာမကြီး ဒေါ်မြသိန်းအား၎င်း၊ အဖွဲ့လိုက် စုပေါင်း လှူဒါန်းကြသူများအား၎င်း၊ တစ်ဦးချင်းစီ လှူဒါန်းကြသော အလှူရှင်များအား၎င်း၊ ပညာရေးထောက်ပံ့ငွေ လှူဒါန်းကြသူများအား၎င်း၊ ကျောင်း လိုအပ်ရာရာအတွက် လှူဒါန်းကြသူများအား၎င်း အထူးကျေးဇူးတင်လှပါကြောင်း ပြောကြားရင်း မှတ်တမ်းတင်အပ် ပါသည်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ ငါးထောင်မက တည်ပါစေ။ ဆရာတော် ဦးဩသဓ ဒီဇင်ဘာလ ၁၈-ရက်၊ ၂၀၂၅-ခုနှစ်။
Details for 2024 activities.
Details for 2023 activities.